cookie

نحن نستخدم ملفات تعريف الارتباط لتحسين تجربة التصفح الخاصة بك. بالنقر على "قبول الكل"، أنت توافق على استخدام ملفات تعريف الارتباط.

avatar

Narinjara News

The Narinjara is also the name of a flourishing ancient city-state on Lemro dynasty in ancient Araka

إظهار المزيد
مشاركات الإعلانات
18 805
المشتركون
-624 ساعات
+1347 أيام
+1 02130 أيام

جاري تحميل البيانات...

معدل نمو المشترك

جاري تحميل البيانات...

08:29
Video unavailableShow in Telegram
စက်တင်ဘာ ၁၉ ရက်နေ့ နိရဉ္စရာရုပ်သံ အစီအစဉ်
إظهار الكل...
Narinjara.mp4580.17 MB
👍 10 4
ရခိုင်ဝန်ကြီးချုပ်ဟောင်း ဦးညီပု မျက်စိရောဂါထပ်မံကုသရန် တောင်းဆိုမှု စစ်ကောင်စီ ခွင့်မပြု သဉ္ဇာနွယ်၊ နိရဉ္စရာ၊ စက်တင်ဘာ ၁၉/၂၀၂၄ ရခိုင်ပြည် ဝန်ကြီးချုပ်ဟောင်း ဦးညီပု၏ မျက်စိရောဂါကို ထပ်မံဆေးကုသခွင့်ရရန် တောင်းဆိုထားမှုအား စစ်ကောင်စီက ခွင့်မပြုသေးကြောင်း သတင်းရရှိသည်။ ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်တွင် အကျဥ်းကျနေသော ရခိုင်ဝန်ကြီးချုပ်ဟောင်းဦးညီပုမှာ လက်ရှိတွင် ခွဲစိပ်ထားသည့် မျက်လုံး နှစ်ဖက် အမြင်အာရုံဝေဝါးနေသည်ဟု မိသားစုဝင်များက ပြောသည်။ ယင်းကြောင့် အပြင်ဆေးခန်းတွင် ဆေးကုသမှုခံယူရန် စစ်ကောင်စီထံ တောင်းဆိုထားသည်မှာ ၃ လခန့်ကြာမြင့်နေပြီဖြစ်သော်လည်း ခွင့်မပြုသေးဟု သမီးဖြစ်သူ မကြည်ကြည်ဦးက နိရဉ္စရာသတင်းဌာနကိုပြောသည်။ "မျက်စိက တခါတခါ ကြည့်လို့မရလို့ အပြင်ဆရာဝန်နဲ့ အဖေကပြချင်တယ်။ လောလောဆယ်တော့ ထောင်ထဲမှာ ကြည့်ပေးတာလောက်ပဲရတယ်။ အပြင်မှာဆေးခန်းပြခွင့်ရဖို့ကိုလည်း တောင်းဆိုထားတယ်။ ၃ လလောက်ရှိပြီ။ အခုထိတော့ ပြခွင့်မရသေးပါဘူး"ဟုပြောသည်။ စစ်ကောင်စီက ဦးညီပုကို ၂၀၂၃ ခုနှစ်၊ မေလ ၂၅ ရက်က ရန်ကုန်မြို့၊ မျက်စိအထူးကုဆေးရုံတွင် ဘယ်ဘက်မျက်လုံးနှင့် ဇွန် ၁၆ ရက်တွင် ညာဘက်မျက်လုံးကို ခွဲစိတ်ကုသပေးခဲ့ကြောင်း သိရသည်။ ဦးညီပုသည် စစ်တွေထောင်တွင်ရှိနေချိန် ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်၊ သြဂုတ်လခန့်မှစတင်ကာ ဘယ်ဘက်မျက်လုံးတွင် တိမ်ဖုံးသည့်ဝေဒနာမှာ ပိုမိုပြင်းထန်လာခဲ့ပြီး ခွဲစိတ်ကုသမှုရရှိရန် မိသားစုက တစ်နှစ်ကျော်ကြာ အကြိမ်ကြိမ်တောင်းဆိုခဲ့ရသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ မေလအတွင်းက စစ်တွေအကျဉ်းထောင်မှ ရန်ကုန်ရှိ အင်းစိန်အကျဉ်းထောင်သို့ ထောင်ပြောင်းရွှေ့လိုက်ပြီးမှ သူ၏မျက်လုံးကို ခွဲစိတ်ပေးခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် အသက် (၆၈)နှစ်ရှိပြီဖြစ်သည့် ဦးညီပုမှာ မျက်စိဝေဒနာအပြင် လူကြီးရောဂါလည်း ခံစားနေရ၍ မကြာခဏ နေမကောင်းဖြစ်နေကြောင်း မိသားစုဝင်များက ပြောသည်။ ဦးညီပုနှင့်အတူ နောက်ထပ်သမီးတစ်ဦးဖြစ်သည့် NLD ပါတီ လူငယ်တာဝန်ခံ မမိုးဆန်းစုကြည်သည်လည်း စစ်ကောင်စီ၏ဖမ်းဆီးထောင်ချခြင်းကိုခံနေရသည်။ အစ်မဖြစ်သူ မကြည်ကြည်ဦးက "ညီမလေးမိုးဆန်းစုကြည်ကိုတော့ တွေ့ခွင့်တော့ရတယ်။ ဒါပေမယ့် ပုံမှန်တော့မတွေ့ဖြစ်ဘူး။ တခါတခါသွားတွေ့ရတာ ခရီးစရိတ်က မသက်သာဘူးလေ"ဟု နိရဉ္စရာကိုပြောသည်။ ကျန်းမာရေးမကောင်းသည့်ဖခင်အပါအဝင် ထောင်ဒဏ်ချမှတ်ခံထားရသည့် ညီမဖြစ်သူ ကိုလည်း အမြန်ဆုံးပြန်လွှတ်ပေးစေချင်ကြောင်း မကြည်ကြည်ဦးက ပြောသည်။ "မိသားစုအနေနဲ့တောင်းဆိုချင်တာ ထွေထွေထူးထူးမရှိပါဘူး။ ဒါပေမယ့် အဖေနဲ့ညီမအပါအဝင် ဖမ်းဆီးခံထားရတဲ့သူတွေ အမြန်ဆုံးပြန်လွှတ်ပေးရင် ပိုကောင်းတာပေါ့နော်"ဟုပြောသည်။ ဝန်ကြီးချုပ်ဟောင်း ဦးညီပုသည် စစ်တပ်က အာဏာသိမ်းသည့် ၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် ဖမ်းဆီးခံခဲ့ရသည်။ နောက်တစ်နေ့တွင် နေအိမ်အကျယ်ချုပ်ဖြင့်ထားခဲ့ရာမှ ဖေဖော်ဝါရီ ၁ဝ ရက်တွင် ထပ်မံဖမ်းဆီးခံရကာ စစ်တွေအကျဉ်းထောင်သို့ ပို့ဆောင်ခံခဲ့ရခြင်းဖြစ်သည်။ ယင်းနောက် ဦးညီပုသည် နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာဥပဒေ ပုဒ်မ ၅၀၅(ခ)၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ(၅၅)နှင့် မဲမသာမှုပုဒ်မ ၁၃ဝ(က)တို့ဖြင့် ထောင်ဒဏ်စုစုပေါင်း ၁၃ နှစ် ချမှတ်ခံထားရသည်။ ဦးညီပု၏သမီး မမိုးဆန်းစုကြည်သည်လည်း ရန်ကုန်တွင် ၂၀၂၁ ခုနှစ်၊ မေလ ၉ ရက်တွင် အဖမ်းခံရပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅-က၊ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) တို့ဖြင့် ထောင် ၆ နှစ်ချခံရကာ ၂၀၂၃ ခုနှစ်၊ ဇွန်လအတွင်း အင်းစိန်ထောင်မှ ပဲခူးတိုင်းရှိ သာယာဝတီထောင်သို့ ပြောင်းရွှေ့ခံထားရသည်။
إظهار الكل...
👍 27😁 12🤬 5🌚 3👎 2💩 1🖕 1
Photo unavailableShow in Telegram
👍 1
ပေါက်တော အနောက်ရဲမွတ်ဆလင်ဒုက္ခသည်စခန်းတွင် ဝမ်းရောဂါကြောင့် ကလေး ၆ ဦးအပါအဝင် ၇ဦးသေဆုံး ကြိုင်ဟိန်းလင်း၊ နိရဉ္စရာ၊ စက်တင်ဘာ ၁၉/ ၂၀၂၄ ရခိုင်ပြည်၊ ပေါက်တောမြို့နယ်ရှိ အနောက်ရဲမွတ်ဆလင်ဒုက္ခသည်စခန်းတွင် ဝမ်းပျော့၊ ဝမ်းလျှော ရောဂါဖြစ်ပွားနေပြီး ၅ နှစ်အောက် ကလေးငယ် (၆) ဦးနှင့် အမျိုးသမီးတစ်ဦး စုစုပေါင်း ၇ ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။ သေဆုံးသွားသူများမှာ စက်တင်ဘာ ၄ ရက်က ကလေးငယ် (၄)ဦး၊ ၈ ရက်က ကလေးငယ် (၂)ဦးနှင့် ၁၇ ရက်က အမျိုးသမီးကြီး (၁) ဦးတို့ သေဆုံးသွားခြင်းဖြစ်သည်ဟု စခန်း တာဝန်ရှိသူက ပြောသည်။ ဝမ်းပျော့၊ ဝမ်းလျှော ရောဂါကို စက်တင်ဘာလ ၃ ရက်မှစတင်ကာ ကလေးငယ်များမှ စတင်ဖြစ်ပွားနေခြင်းဖြစ်သည်ဟု စခန်းတာဝန်ရှိသူတစ်ယောက်က ပြောသည်။ "ကျနော်တို့က ဒုက္ခသည်စခန်းမှာ နေရတာဆိုတော့ အပူချိန်များရင်လည်း အဆင်မပြေ၊ ရေလည်း အဆင်မပြေဘူး။ ကလေးငယ်တွေက စပြီးတော့ဖြစ်တာ။ အခုက လူကြီးတွေလည်း ဖြစ်တယ်" ဟု ပြောသည်။ အဆိုပါစခန်းတွင် လက်ရှိအချိန်ထိ ​ဝမ်းရောဂါဖြစ်ပွားနေသူဦးရေ ၂၅၀ ကျော်အထိရှိကာ ဆေးဝါးကုသရန် ခက်ခဲနေကြသည်ဟု သိရသည်။ မွတ်ဆလင်ဒုက္ခသည်များကို ယခင်က နယ်စည်းမခြားဆရာဝန်များ (MSF)အဖွဲ့က ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့သော်လည်း ယခုတွင် ယင်းအဖွဲ့အစည်းများကလည်း ကျန်းမာရေး စောင့်ရှောက်မှု အပြည့်အဝ ပေးနိုင်ခြင်းမရှိဟု စခန်းတာဝန်ရှိသူက ဆက်ပြောသည်။ "ကျန်းမာရေးစောင့်ရှောက်ပေးတာက MSF အဖွဲ့တစ်ခုရှိပါတယ်။ အဲအဖွဲ့လည်း လာပြီးတော့ ကုသဖို့အတွက် အဆင်မပြေဘူး။ မြေပြင်မှာရှိတဲ့ သူတို့ရဲ့ စေတနာ့ဝန်ထမ်းတွေမှာလည်း ဆေးဝါးတွေမရှိဘူး။ ဒါပေမဲ့ ဒီလိုရောဂါဖြစ်နေတဲ့သူတွေကို ဘယ်လိုထားရမယ်။ ရေတွေကို ဘယ်လိုတိုက်ရမယ်ဆိုပြီးတော့ အဲလိုမျိုး ပညာပေးပြီးတော့ စောင့်ရှောက် ပေးနေတာတွေ ရှိတယ်"ဟု ပြောသည်။ ယင်းရောဂါကြောင့် နောက်ထပ် ရောဂါဝေဒနာခံစားနေရသူများလည်း အသက်ဆုံးရှုံးမှာကို စိုးရိမ်ကြောင့်ကြနေကြသည်။ အနောက်ရဲမွတ်ဆလင် ဒုက္ခသည်စခန်းတွင် ကျား ၂၃၉၁ ဦး၊ မ ၃၄၀၇ ဦးရှိကာ လူဦးရေစုစုပေါင်း ၅၇၉၈ ဦးရှိပြီး အိမ်ထောင်စုစုပေါင်း ၁၁၉၇ စုရှိကြောင်းသိရှိရသည်။ ပြီးခဲ့သည့် ဧပြီလအတွင်းကလည်း စစ်တွေမြို့နယ်ရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်သည့် မွတ်ဆလင်ဒုက္ခသည်များလည်း ဝမ်းပျော့၊ ဝမ်းလျှော ရောဂါ ဖြစ်ပွားခဲ့ပြီး လူဦးရေ ၈၀ နီးပါး သေဆုံးသွားခဲ့သည်ဟု သိရသည်။ ဓာတ်ပုံ - ပေါက်တောမြို့နယ်ရှိ မွတ်ဆလင်ဒုက္ခသည်စခန်းတစ်ခုမှ ဒုက္ခသည်များအား တွေ့ရစဉ်။ (ပုံဟောင်း)
إظهار الكل...
😢 12👍 10 1
Photo unavailableShow in Telegram
👍 8
မင်းပြားမြို့နယ် ရေဘေးကြောင့် လူတစ်ဦးသေဆုံးပြီး ကျေးရွာ ၂၀ ခန့်ရေနစ်ခဲ့ကာ အိမ်ခြေ ၃၀၀နီးပါးပျက်စီး၍ လူထောင်ချီအတွက် အရေးအပေါ်အကူအညီလိုအပ်နေ လူထက်နိုင် (ဒွါရာမြီ)၊ နိရဉ္စရာ၊ စက်တင်ဘာ ၁၉/ ၂၀၂၄ ရခိုင်ပြည်၊ မင်းပြားမြို့နယ်တွင် ရေဘေးဒဏ်ကြောင့် ချင်းအမျိုးသားတစ်ဦး သေဆုံးပြီး ကျေးရွာပေါင်း ၂၀ ခန့် မှ နေအိမ် အလုံးပေါင်း ၃၀၀ ခန့်ပျက်စီးခဲ့ကာ လူဦးရေ ထောင်ချီအတွက် စားနပ်ရိက္ခာနှင့် အမိုးအကာ အကူအညီများ အရေးအပေါ် လိုအပ်နေကြောင်း သတင်းရရှိသည်။ အရေးအပေါ်အကူအညီများလိုအပ်နေသည့် နတ်ထောင့် ရွာဟောင်း၊ နတ်ထောင့်ရွာသစ်၊ ဇိုင်ချောင်း၊ ကျေးမကြီး၊ ကျေးမချေ၊ ကြွီချောင်း၊ ပြင်းချောင်း၊ ကိုင်းကြီး၊ ပြင်းဝ၊ သရက်အုပ်၊ ရွာသာယာ၊ င/လင်ကြီး၊ အထက် ခချီးမြောင်နှင့် အောက်ခချီးမြောင်၊ လက်ပံကိုင်း၊ နတ်ကံပြင်၊ တရဂူရွာသစ်နှင့် တရဂူရွာဟောင်းစသည့် ကျေးရွာများဖြစ်ကြပြီး အများစုမှာ ချင်းလူမျိုးများနေထို်င်သည့် ကျေးရွာများဖြစ်ကြောင်း သိရသည်။ အဆိုပါကျေးရွာများသည် လေးမြို့မြစ်အထက်ပိုင်းတွင်ရှိပြီး စက်တင်ဘာလ ၁၀ ရက်မှ ၁၅ ရက်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် လေးမြို့မြစ်နှင့် ချောင်းရေများ မြင့်တက်ခဲ့၍ ရေကြီးလွှမ်းမိုးမှုဒဏ်ကိုခံခဲ့ကြရကာ နေအိမ် ၃၀၀ နီးပါး ပျက်စီးကာ ထိုအထဲမှ နေအိမ် ၂၀၀ ကျော်မှာ လုံးဝပျက်စီးသွားပြီး ၅၀ခန့်မှာ တချို့ တဝက်ပျက်စီးသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။ လမ်းပန်းဆက်သွယ်ရေးခက်ခဲ၍ လက်ရှိအချိန်ထိ အကူအညီတစ်စုံတရာ မရသေးကြောင်းနှင့် စားနပ်ရိက္ခာအပါအဝင် အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း ဒေသခံခရစ်ယာန်ဘာသာရေးဆရာတစ်ဦးက နိရဥ္စရာကိုပြောသည်။ “ကျန်းမာရေးစောင့်ရှောက်မှု၊ စားနပ်ရိက္ခာတွေနဲ့ ဆေးဝါးကုသမှုတွေ လိုအပ်ပါတယ်။ အင်တာနက်၊ ဖုန်းလိုင်းမရတော့ ပိုဆိုးတာ။ မြို့နဲ့အလှမ်းဝေးတဲ့ဒေသပေါ့။ အရေးပေါ် လိုအပ်ချက်က စားနပ်ရိက္ခာတွေ အကုန်ပျက်စီးသွားတဲ့အတွက် စားနပ်ရိက္ခာတွေ အရေးပေါ် လိုအပ်နေပါတယ်”ဟု ပြောသည်။ မြစ်ရေတက်စဉ် ရေသည် ၇ ပေကျော်အထိ မြင့်တက်ခဲ့၍ အဆိုပါကျေးရွာများတွင် သိုလှောင်ထားသည့် ဆန်၊ စပါးများလည်း ရေနစ်မြုပ်ပျက်စီးသွားခဲ့သည်ဟု လက်ပံကိုင်းကျေးရွားသားတစ်ဦးဖြစ်သူ ကိုဇော်လင်းထွန်းက နိရဥ္စရာကို ပြောဆိုသည်။ ရေဘေးသင့်ကျေးရွာများအနက် ကျေးမကြီးကျေးရွာမှ ကလေး ၄ ဦး၏ဖခင် အသက် ၄၀ ကျော်အရွယ် ​မောင်လှ(ခ)​ယောင်စိုး (ချင်းအမျိုးသား)မှာ ​​ရေစီနဲ့ ​မျောပါပြီး ​သေဆုံးသွားခဲ့သည်ဟု ပြောသည်။ "မင်းပြားမြို့နယ်၊ ဖုံသာချောင်းရဲ့ ချောင်းလက်တက် သရွေ့ချောင်းရေစီးနဲ့မျောပါပြီးတော့ ရေနစ်သေဆုံးသွားခဲ့တာပါ။ သူ့နာမည်က မောင်လှ၊ ချင်းလူမျိုးပါ။ လောလောဆယ်တော့ ရေဘေးကြောင့်သေဆုံးသူ တစ်ယောက်တည်းပဲ သိထားရပါတယ်"ဟု ပြောသည်။ လူမှုရေးလုပ်ငန်းများကို လုပ်ကိုင်နေသူ ဆရာဝေဟင်အောင်မှ အဆိုပါ ရေဘေးသင့် ကျေးရွာများသို့ အလှူ​ငွေ ကျပ် သိန်း ၂၀၀ ကို စက်တင်ဘာ ၁၈ ရက်​နေ့က ပေးပို့ လှူဒါန်းခဲ့သည်ဟု သိရသည်။ စက်တင်ဘာဒုတိယအပတ်အတွင်း ရာဂိတိုင်ဖွန်းမုန်တိုင်းကြောင့် တိုင်းနှင့်ပြည်နယ်အချို့တွင် ရေကြီးရေလျှံမှုဖြစ်၍ လူပေါင်း ၂၆၈ ဦး သေဆုံးပြီး လူ ၆ သိန်းကျော် ရေဘေး သင့်ခဲ့ရသည်ဟု အရ သိရသည်။ ကူညီကယ်ဆယ်နေသူများအနေဖြင့် ပြည်မဘက်ရှိရေဘေးသင့်သူများကိုသာ သွားရောက် ထောက်ပံ့လျက်ရှိပြီး ရခိုင်မှ ရေဘေးသင့်ပြည်သူများကိုမူ ထောက်ပံ့ခြင်းမရှိသေးဟု ဒေသခံများက ပြောကြသည်။ ဓာတ်ပုံ - ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည့် လက်ပံကိုင်းကျေးရွာအား တွေ့ရစဥ်။ (Photo - Salai Aung Yar Linn)
إظهار الكل...
😢 20👍 10
Photo unavailableShow in Telegram
👍 6
ကျောက်ဖြူမြို့တွင် မိုင်းနင်းပြီး အမျိုးသမီးတစ်ဦးသေဆုံး မင်းသျှင်စော၊ နိရဉ္စရာ ၊စက်တင်ဘာ ၁၉/ ၂၀၂၄ ရခိုင်ပြည်၊ ကျောက်ဖြူမြို့တွင် သက်လတ်ပိုင်း အမျိုးသမီးတစ်ဦး စစ်ကောင်စီ ထောင်ထားသော မိုင်းကို နင်းမိ၍ သေဆုံးသွားကြောင်းသတင်းရရှိသည်။ ၎င်းအမျိုးသမီးမှာ ကျောက်ဖြူမြို့၊ တိုးချဲ့ရပ်ကွက်၊ ၅လမ်းတွင် နေထိုင်ပြီး မနှင်းရီဝင်း ဖြစ်သည်။ စက်တင်ဘာ ၁၇ ရက် နံနက် ၈ နာရီခန့်တွင် ဂုံးချွိန်တိုက်နယ် အောင်စေတီရွာနား အောက်ဘက် င/ ကာကျောက် ကာရီဘောင် အောက်မှာ မှိုဟင်း (ဗမာအခေါ် ငှက်ကြီးတောင်) ခူးနေစဉ် မိုင်းနင်းမိခဲ့သည်ဟု ရပ်ကွက်ဒေသခံတစ်ဦးက နိရဉ္စရာသို့ အတည်ပြုပြောကြားသည်။ ရပ်ကွက်နေသူ တစ်ဦးက "အဲဒီနေ့က နံနက်ပိုင်းမှာ မနှင်းရီဝင်း မှိုဟင်းခူးသွားတာမြင်လိုက်တယ် တစ်ယောက်က။ ရွာနားက ကာရီဆိုတော့ သွားနေကျပါ။ စစ်ကောင်စီဘက်က ခိုးပြီး အဲဒီလို မိုင်းထောင်ထားတာ။ ဒါကိုမသိဘူးလေ။ ကျွန်တော်တို့ ပေါက်ကွဲသံကြားမိတယ်။ နောက်နာရီ အတော်ကြာမှ လူနဲ့ တွေ့လို့ ရပ်ကွက်ကို လာပြောတယ်။ ဆေးရုံကို အမြန်ပို့တယ်။ ဆေးရုံရောက်တော့ သွေးထွက်လွန်ပြီး ဆုံးသွားပါတယ်" ဟုပြောသည်။ မိုင်းနင်းမိသော မနှင်းရီဝင်းမှာ ညာဘက်ခြေထောက် ဒူးဆစ်အောက်မှ ပြတ်ထွက်သွားပြီး ခန္ဓာကိုယ်အနှံ့ ဒဏ်ရာရကာ ကျောက်ဖြူဆေးရုံတွင် သွေးထွက်လွန်ပြီး သေဆုံးသွားသည်ဟု ဆိုသည်။ စစ်ကောင်စီသည် အာရက္ခတပ်တော်က ထိုးစစ်ဆင် တိုက်ခိုက်လာမည်ကို စိုးရိမ်၍ ကျောက်ဖြူမြို့ အနီးဝန်းကျင် တဝိုက်တွင် မြေမြှုပ်မိုင်းများကို အကန့်အသတ်မရှိ ထောင်ထားသည်ဟု သိရသည်။ ထိုသို့ မိုင်းထောင်ထားသဖြင့် ကျောက်ဖြူဒေသခံများ အနေဖြင့် သေဆုံးဒဏ်ရာ ရရှိမှုများ မကြာခဏ ဖြစ်ပေါ်နေကြောင်း သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၈ ရက်၊ နံနက်ပိုင်းကလည်း ကျောက်ဖြူမြို့နယ်၊ စိုင်ခြုံကျေးရွာမှ အသက် (၅၀)ကျော်အရွယ် ဦးမောင်ထွန်းရွှေသည် စိုင်ခြုံရွာ၏ အရှေ့မြောက်ဘက်ရှိ စစ်ကောင်စီတပ်၏ ဓညဝတီရေတပ်ဌာနချုပ်နှင့် အမှတ်(၁၅) စက်မှု၊ လက်မှု တပ်ရင်းတို့ရှိသည့် ဒေသခံများအခေါ် နဂါးတောင်တွင် နွားအငှားကျောင်းနေစဉ် စစ်ကောင်စီတပ်က ထောင်ထားသည့်မြေမြှုပ်မိုင်းကို နင်းမိခဲ့သည်။ ယင်းဖြစ်စဥ်ကြောင့် ဦးမောင်ထွန်းရွှေ၏ ညာဘက်ခြေထောက် ခြေမျက်စိအောက်မှ ပြတ်ထွက်သွားခဲ့သည်ဟု သိရသည်။ ဩဂုတ် ၃၁ ရက်ကလည်း ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်တိုက်နယ်၊ ငှက်ပျောချောင်းကျေးရွာမှ ဦးထောင်ဝေဇံ (၆၉) နှစ်သည် နွားကျောင်းသွားနေစဉ် မိုင်နင်းမိပြီး ခြေထောက်ပြတ်၍ သေဆုံးသွားခဲ့သည်။
إظهار الكل...
😢 16👍 3🥰 1
Photo unavailableShow in Telegram
မြန်မာကိုဖြတ်မည့် လေပွေလှိုင်း ရခိုင်ကမ်းရိုးတန်းတွင် မုန်တိုင်းအဖြစ် အားပြန်ကောင်းလာနိုင်ဟုဆို မောင်စာဂ၊ နိရဥ္စရာ၊ စက်တင်ဘာ ၁၈/၂၀၂၄ တောင်တရုတ်ပင်လယ်တွင် ယခုဖြစ်ပေါ်နေသော လေပွေလှိုင်းသည် မြန်မာပြည်ကို ယခုရက်ပိုင်း အတွင်းဖြတ်ကျော်ဝင်ရောက်စဥ် ရခိုင်ကမ်းရိုးတန်းသို့ရောက်လာပါက မုန်တိုင်းအဖြစ် အားပြန်ကောင်းလာနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဦးဝင်းနိုင်က နိရဥ္စရာကို ပြောသည်။ "မုန်တိုင်းအားကောင်းလာလို့ရှိရင်တော့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လေပြင်းတိုက်မယ်၊ မိုးသည်းထန်မယ်။ နောက်ပြီးတော့ တောင်ကျရေဆင်းတာရှိမယ်။ မြေပြိုတာတွေရှိမယ်"ဟု ပြောသည်။ တောင်တရုတ်ပင်လယ်မှတဆင့် ဗီယက်နမ်ကမ်းခြေကိုဖြတ်ကာ လာအို၊ ထိုင်းနှင့် မြန်မာပြည်သို့ ဖြတ်ကျော်မည့်အဆိုပါလေပွေလှိုင်းနှင့်ပတ်သက်ပြီး စက်တင်ဘာ ၁၈ ရက်၊ ညနေပိုင်းတွင် နိရဥ္စရာ၏ သီးသန့်ဆက်သွယ်မေးမြန်းမှုကို ဦးဝင်းနိုင်က ဖြေဆိုသွားခြင်း ဖြစ်သည်။ အဆိုပါလေပွေလှိုင်းသည် မြန်မာပြည်ထဲကို စက်တင်ဘာ ၂၁ ရက်၊ ညနေ ၄ နာရီခန့်မှစတင် ဝင်ရောက်မည်ဖြစ်သည်။ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ မကွေးတိုင်းတို့ကိုဖြတ်ပြီး အနောက်ဘက်သို့ ချိုးကွေ့ကာ စစ်တွေနှင့်မြေပုံအပေါ်မှနေ၍ ရခိုင်ပြည်ကိုဖြတ်ကျော်မည်ဟု ဦးဝင်းနိုင်က ဆိုသည်။ စက်တင်ဘာ ၂၂ ရက်၊ နံနက် ၅ နာရီခန့်မှ ရခိုင်ပြည်မှတဆင့် ဘင်္ဂလားပင်လယ်အော်ထဲကို ထွက်ခွာမည်ဖြစ်ပြီး ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းကို အရင်စဝင်ကာ ဘင်္ဂလား ပင်လယ်အော်မြောက်ပိုင်းသို့ ဆက်လက် ဝင်ရောက်မည်ဖြစ်သည်။ ယင်းနောက်မှ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်၊ ကိုလ်ကတ္တား၏အောက်ဘက်ရှိ ကမ်းခြေကိုဖြတ်ကာ ကုန်းတွင်းသို့ စက်တင်ဘာ ၂၃ ရက်၊ ည ၉ နာရီခန့်တွင် ဝင်ရောက် ပျက်ပြယ်သွားမည်ဟု ဦးဝင်းနိုင်က ပြောသည်။ ယခု မြန်မာပြည်ကိုဖြတ်ကျော်မည့်လေပွေလှိုင်းသည် မကြာသေးခင်က မြန်မာပြည်အတွင်း လူပေါင်းရာနှင့်ချီသေဆုံးခဲ့ရသည်အထိ အရှိန်သက်ရောက်ခဲ့သော ရာဂိမုန်တိုင်းထက် ပြင်းအား ၁၀ ပုံ ၁ ပုံသာရှိသည်ဟု ဦးဝင်းနိုင်က ပြောသည်။ "သူ့ရဲ့ (လေပွေလှိုင်း)လေတိုက်နှုန်းကလည်း တစ်နာရီမှာ ၃၈ မိုင်၊ ၄၀ အဲလောက်ပဲရှိတယ်။ တိုက်ဖွန်းမုန်တိုင်းအဆင့်တောင်မရောက်ဘူးပေါ့။ အပူပိုင်းမုန်တိုင်းအဆင့်တောင် ရောက်နိုင်ပါ့ မလားဆိုတာ စောင့်ကြည့်နေတုန်းပဲ"ဟု ပြောသည်။ အဆိုပါလေပွေလှိုင်း၏အရှိန်ကြောင့် စက်တင်ဘာ ၂၁ ရက်မှ ၂၅ ရက်အတွင်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက "အထူးမိုးလေဝသသတင်း" အဖြစ် စက်တင်ဘာ ၁၈ ရက်၊ ည ၈ နာရီအချိန်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အချို့ဒေသများတွင် ဒေသအလိုက် မိုးကြီးခြင်းများ၊ နေရာကွက်၍ မိုးကြီးခြင်းများနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်သည်ဟုလည်း မိုး/ဇလက ဆိုသည်။ တောင်တရုတ်ပင်လယ်ပြင်တွင် မကြာသေးခင်က ဖြစ်ပေါ်ခဲ့သည့် အင်အားပြင်း ရာဂိမုန်တိုင်းအရှိန်ကြောင့်လည်း စက်တင်ဘာ ၁၁ ရက်မှစတင်ကာ မြန်မာနိုင်ငံရှိ တိုင်းနှင့် ပြည်နယ် ၉ ခုမှ မြို့နယ်ပေါင်း ၆၀ ခန့်တွင် မိုးသည်းထန်စွာ ရွာသွန်ပြီး ရေကြီးရေလျှံမှုကိုဖြစ်ပေါ်စေခဲ့သည်။ လူပေါင်း ၆ သိန်းကျော် ရေဘေးသင့်ပြီး အများအပြား ပျောက်ဆုံးကာ ရာနှင့်ချီ၍ သေဆုံးမှုများရှိခဲ့သည်ဟုလည်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)က စက်တင်ဘာ ၁၆ ရက်တွင် ထုတ်ပြန်ထားသည်။ စစ်ကောင်စီကမူ အဆိုပါရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ၂၂၆ ဦးနှင့် ပျောက်ဆုံးနေသူ ၇၇ ဦးရှိသည်ဟု ထုတ်ပြန်ထားသည်။ ဓာတ်ပုံ - ဦးဝင်းနိုင်
إظهار الكل...
👍 30🙏 9😢 2 1🥰 1👏 1
اختر خطة مختلفة

تسمح خطتك الحالية بتحليلات لما لا يزيد عن 5 قنوات. للحصول على المزيد، يُرجى اختيار خطة مختلفة.